Pages

Tuesday, March 17, 2015

Macbook Pro SSD upgrade

တစ်နေ့ကပဲ Apple က Macbook အသစ်တွေ ကြေငြာသွားတာတွေ့တော့ ကိုယ့် Macbook pro (13 လက်မ 2012 late) လေး ဟောင်းနေတာကို သတိရတယ်။ အခြေအနေက ချင့်ချိန်နေထိုင်ရမယ့် သဘောမှာ ရှိနေတော့ Macbook အသစ်လေးတွေကို ခပ်လှမ်းလှမ်းက ထိုင်ငေးနေယုံပဲ တတ်နိုင်တော့တယ်။

သို့သော်လည်း တစ်ခုခု လုပ်လိုက်ရမှ ကျေနပ်နိုင်မည် ဖြစ်သောကြောင့် လက်ရှိကောင်လေးကို ပိုမြန်အောင် ဟက်ဒစ်ကို SSD ပြောင်းဖို့စဉ်းစားမိတယ်။ Samsaung 2.5″ SSD 256GB တစ်လုံးကလည်း ဝယ်စရာမလိုပဲ အဆင်သင့်ရှိနေတာကြောင့်လည်း ပါပါတယ်။

SSD ကတော့ ပုံမှန် HDD တွေထက်တော့ စျေးများပါတယ် ၃ဆခန့် ပျမ်းမျှကွာပါလိမ့်မယ်။ သို့ပေမယ့် SSD ကိုသုံးရင် အဓိက ဘက်ထရီ ပိုပြီးအသုံးခံမယ်၊ အသံဆူညံတာ မရှိတော့ဘူး၊ ဒေတာအကူးအပြောင်းတွေမှာ သိသိသာသာကို မြန်မယ်၊ အပလီကေးရှင်းတွေကို ဖွင့်ရင် မလေးတော့ဘူး ပိုမြန်လာမယ်။

ပုံမှန် Windows ကွန်ပြူတာတွေကို ကလိရတာက လူတိုင်းနဲ့ အကျွမ်းတဝင် ရှိကောင်းပေမယ့် Mac ကိုဖွင့်ရမှာကိုတော့ လက်တွန့်တတ်ကြတယ်။ ဒါပေမယ့် နည်းလမ်းသိရင် အလွယ်လေးပါ .. စလိုက်ရအောင် ကျနော့် Macbook Pro လေးကို HDD ကနေ SSD ကိုအဆင့်မြှင့်တော့မယ်။ တစ်ဆင့်ချင်းသွားပါမယ်။

ဟက်ဒစ်ကို အသစ်လဲမှာဆိုတော့ backup အတွက်ကို သေချာပေါက်စဉ်းစားရတော့မှာပေါ့။ System တစ်ခုလုံးကို SSD အသစ်ပေါ်ကို clone လုပ်ပြီး ပြန်သုံးမလား ဒါမှမဟုတ် clean installation ပဲလုပ်မလား။ ကျနော်ကတော့ လိုချင်တဲ့ ဖိုင်တွေကိုပဲ ကော်ပီကူးယူထားလိုက်ပြီး clean installation ပဲလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တယ်။ ဘာလို့ဆိုတော့ SSD လဲပြီးပြီးချင်းမှာ သိသိသာသာ မြန်သွားတယ်ဆိုတဲ့ feeling ကိုလိုချင်လို့ပါ။ Apple store က ဝယ်ယူ/အလကားရထားတဲ့ application တွေဆိုရင် သိပ်ပြဿနာ မရှိပေမယ့် တရားမဝင် ခိုးယူထားတဲ့ application (ဥပမာ Photoshop CS6, Microsoft Office, Aperture စသည်ဖြင့် ) တွေကိုတော့ အစအဆုံး ပြန်တင်ရတဲ့ အလုပ်ကတော့ ရှုပ်မှာပေါ့လေ။

ကဲ … ဟက်ဒစ်မလဲခင် အရင်ဆုံးလုပ်ရမယ့် အဆင့်တွေက ရှိသေးတယ်။ သေချာပေါက် ကိုယ့်အတွက် လိုအပ်မယ်ဆိုတဲ့ ဖိုင်တွေကို External Drive တစ်ခုထဲကို ကူးထည့်ရတယ် (ဓာတ်ပုံတွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေ၊ ကိုယ်ရေးကိုယ်တာ ဖိုင်တွေ စသည်ဖြင့်ပေါ့)။ ပြီးသွားတော့ OS installation လုပ်ဖို့အတွက် USB drive တစ်ခုကို Bootable Drive ဖြစ်အောင်လုပ်ဖို့လိုပါတယ်။

USB drive တစ်ခုကို Mac OS X Mavericks Bootable လုပ်ခြင်း

(၁) – OS X Marvericks ကို application store ကနေ ဒေါင်းလုတ်ဆွဲယူပါ။ ဒေါင်းလုတ်ပြီးသွားပါက ကွန်ပြူတာထဲက application ဖိုလ်ဒါထဲကို သူ့ဟာသူ အော်တိုမက်တစ် ရောက်သွားလိမ့်မယ် .. ဒီအတိုင်းထားလိုက်ပါ။

(၂) – OS က 5.29GB ရှိတဲ့အတွက် bootable လုပ်မယ့် USB drive က အနည်းဆုံး 8GB တော့ရှိရပါမယ်။ USB drive ကို ကွန်ပြူတာမှာထိုး၊ Disk Utilities ထဲကိုသွားပါ .. ဒါဆိုအောက်ပါအတိုင်း တွေ့လိမ့်မယ်။




(၃) – အပေါ်ပုံထဲကအတိုင်း ထိုးထားတဲ့ USB drive ကိုရွေး၊ Erase ဆိုတဲ့ tag ကိုနှိပ်၊ format နေရာမှာ Mac OS Extended (Journaled) ဆိုတာကို ရွေးပေးပြီးရင်(Name ဆိုတဲ့နေရာမှာ ဘာမှမပြောင်းနဲ့ Untitled ဆိုတဲ့အတိုင်းပဲ ရှိနေပါစေ။) Erase ကိုနှိပ်ပြီး format ချလိုက်ပါ။

(၄) – Terminal ကိုဖွင့်လိုက်ပါ ပြီးရင် အောက်မှာပေးထားတဲ့ အနီရောင် စာကြောင်းကို copy/paste လုပ်ပြီး enter နှိပ်ပါ။

sudo /Applications/Install\ OS\ X\ Mavericks.app/Contents/Resources/createinstallmedia –volume /Volumes/Untitled –applicationpath /Applications/Install\ OS\ X\ Mavericks.app –nointeraction

(၅) – အခုလိုမြင်ရမယ်ဆိုရင် အိုကေပါပြီ .. မမြင်ရဘူး / error တစ်ခုခုပြရင် သေချာပြန်စစ်ပါ တစ်ခုခုမှားနေပြီ။


(၆) – ခဏတော့ကြာပါမယ် copy လုပ်နေတာပြီးသွားရင် Completed ဆိုပြီးပြလိမ့်မယ် .. ဒါဆို USB drive က bootable ဖြစ်သွားပါပြီ။

Bootable Drive လုပ်ပြီးပြီဆိုတာ့ Macbook ကိုဖွင့်ပြီး HDD ကိုဖြုတ်ထုတ်၊ SSD ကိုအစားထိုးရပါမယ်။

HDD to SSD replacement in Macbook 

– ပါဝါကြိုးတပ်ထားလျင်ဖြုတ်လိုက်ပါ၊ Macbook ကို shutdown လုပ်လိုက်ပါ။

– မျက်နှာပြင်မပွန်းစေဖို့ အဝတ်ဖြစ်ဖြစ် တစ်ခုခုခံထားပြီး မှောက်ချလိုက်မယ်၊ ပုံမှာပြထားတဲ့အတိုင်း screw ဆယ်လုံးကို ဖြုတ်ရပါမယ်။ အဲဒီထဲမှာ ၃ လုံးက အရှည်၊ ကျန်တာတွေက ဆိုဒ်တူ အတိုလေးတွေပါ။ Screw လေးတွေကို ဂရုစိုက်ပါ၊ ပျောက်သွားရင်တော့ ပြန်ဝယ်ဖို့ မလွယ်ကူပေ။



 – အဲဒီ screw ဆယ်လုံးဖြုတ်ပြီးရင်တော့ ကာဗာကိုခွာထုတ်လိုက်ပါ။ အောက်ပါပုံအတိုင်း ဟက်ဒစ်ကို တွေ့ပါလိမ့်မယ်။ HDD ကိုထိန်းထားတဲ့ မောင်းတံ အနက်ရောင်ကလေးမှာ screw သေးသေးလေး ၂လုံးရှိတယ် ဖြုတ်လိုက်ပါ။ ပြီးရင် ဟက်ဒစ်ကို အလိုက်သင့်လေး ဆွဲထုတ်လို့ ရပါပြီ။

 

– ဟက်ဒစ်မှာ တပ်ထားတဲ့ connector ကြိုးကို အသာအယာလေး ဆွဲဖြုတ်ပါ။ သတိထားပါ ကျိုးပဲ့သွားရင် ဘာမှ ဆက်လုပ်မရပဲနေလိမ့်မယ်။


– ဟက်ဒစ်အဟောင်းက တပ်ထားတဲ့ screw ၄လုံးကို ဖြုတ်ပြီး လဲမယ့် SSD မှာ ပြောင်းတပ်ရပါမယ်။ အဲဒီ screw လေးတွေက ဟက်ဒစ်ကို အထဲမှာ မလှုပ်အောင် ထိန်းပေးထားတာလေးတွေ ဖြစ်ပါတယ်။ ဒီ screw ၄လုံးကိုဖြုတ်ဖို့ ပုံမှန် စကူဒရိုင်ဘာနဲ့ မရပါဘူး။ ဆိုဒ်နံပါတ် T6 Trox စကူဒရိုင်ဘာနဲ့မှ ရပါမယ်။ ကြိုရှာထားဖို့ လိုပါတယ်။


– ပြီးရင် connector ကြိုးလေးကိုတပ်မယ်၊ ဟက်ဒစ်အသစ်ကို သူ့နေရာထဲဝင်အောင် အသာအယာလေး နေရာချလိုက်ပါ။
– ဟက်ဒစ်ကိုထိန်းတဲ့ မောင်းတံ အနက်လေးကို ပြန်တပ်မယ်။ ပြန်စစ်ပါ ဟက်ဒစ်ကို လှုပ်မနေပါစေနဲ့။
– Macbook ကိုကာဗာပြန်အုပ်လိုက်မယ် .. screw ဆယ်လုံးကို သူ့နေရာနဲ့သူ နေရာတကျ ပြန်တပ်ပါမယ်။

ဒီအဆင့်တွေပြီးရင် USB drive ကနေ boot တက်ပြီး OS installation လုပ်ဖို့ပဲ ကျန်တော့တယ်။

Boot from USB

– USB drive ကို macbook မှာထိုးထားလိုက်ပြီး ပါဝါဖွင့်လိုက်ပါ။ ပါဝါခလုတ်ကို နှိပ်ပြီးတာနဲ့ Option ကီးကို ဖိထားပါ ( boot menu ကိုဝင်ရန်အတွက်)
– Boot Menu တက်လာလိမ့်မယ်။ Installer Drive ကိုရွေးပေးလိုက်ပါ။



– OS X Utilities box ကျလာလိမ့်မယ် Install OS X  ကိုရွေးပါ၊ continue ကိုနှိပ်ပြီး ဆက်သွားမယ်။ (SSD အသစ်ကို format မရိုက်ရသေးရင် Disk Utility ကိုအရင်သွားပြီး အရှေ့က USB drive ကို format ချသလိုပဲ Mac OS Extended (Journaled) ကိုရွေးပြီး format ချပါ၊ ပြီးမှ restart တစ်ခါထပ်လုပ်ပြီး ဒီအဆင့်ကို ပြန်စပါ)

 
 – Installation အပိုင်းကတော့ သူ့အတိုင်း follow လိုက်သွားယုံပါပဲ။ agree ခိုင်းရင် agree လိုက်ပါ၊ ဟက်ဒစ်ကို ရွေးခိုင်းရင် အသစ်ထည့်ထားတဲ့ SSD ကိုရွေးပေးပါ။


– အဲဒီနောက်တော့ SSD အသစ်ထဲကို OS Install လုပ်နေတာကို တွေ့ရမှာပါ .. မိနစ် အနည်းငယ်ကြာပါမယ်။


– တစ်ခုပြီးရင် တစ်ခါ restart လုပ်ပါလိမ့်မယ် .. လွှတ်ထားလိုက်ပါ။ နောက်ဆုံး တစ်ခါ restart ဖြစ်ပြီးရင်တော့ အသစ်စက်စက် OS နဲ့ တက်လာတာကို တွေ့ရပါမယ်။ Apple ID တွေဘာတွေဖြည့်ပြီး ပုံမှန်အတိုင်း အသုံးပြုနိုင်ပါပြီ .. SSD အသစ်ရဲ့အစွမ်းနဲ့ အရင်ကနဲ့ ဘာမှမဆိုင်တဲ့ အမြန်နှုန်းကို ခံစားရမှာပါ။

No comments:

Post a Comment