Pages

Sunday, November 17, 2013

Shades of Magic (ပုသိမ်ထီး)

2013 နိုဝင်ဘာလထုတ် Reader’s Digest မှာပါတဲ့ ကနေဒါဓာတ်ပုံဆရာ Brent Lewin ရဲ့ဓာတ်ပုံဆောင်းပါးပါ။ ပုသိမ်ထီး လုပ်တဲ့ လုပ်ငန်းခွင်မှာ ရိုက်ထားတဲ့ စိတ်ဝင်စားစရာ ဓာတ်ပုံတွေနဲ့ အင်တာဗျူးဖြစ်ပါတယ်။


လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃ဝ ခန့်က ဦးရွှေစာဆိုသူက သီပေါမင်းရဲ့ နန်းတော်ထဲမှာ ထီးထုတ်လုပ်သူ ပညာရှင်ဖြစ်ပါတယ်။ အဲဒီအချိန်က အဝတ်ဖြင့်ပြုလုပ်ပြီး အထူးဒီဇိုင်းများဖြင့် ဖန်တီးထားသော ထီးများကို ဘုရင့်တောင်ဝင်မိသားစုနှင့် အခွင့်ထူးခံ လူအချို့သာ တရားဝင် အသုံးပြုခွင့်ရှိတာပါ။ ထီးကို အဆောင်အယောင် သင်္ကေတ တစ်ခုအဖြင့် အသုံးပြုကြသလို အခမ်အနားအပြင်အဆင်များ၊ ဧည့်သည်ကြိုဆိုခြင်း အခမ်းအနားများတွင် သုံးကြသည်။


၁၈၈၅ခုနှစ် ရတနာပုံနန်းတော်ကို ဗြိတိသျှတို့ သိမ်းပိုက်လိုက်ပြီးနောက် ဦးရွှေစာသည် ဧရာဝတီမြစ်ကိုစုန်ဆင်းကာ တိမ်းရှောင်ခဲ့သည်။ ထိုသို့စုန်ဆင်းခဲ့ရာ ကီလိုမီတာ ၇ဝဝခန့်ကွာဝေးသော ဧရာဝတီ မြစ်ဝကျွန်းပေါ်မြို့တစ်မြို့ဖြစ်တဲ့ ပုသိမ်မြို့သို့ ရောက်ရှိခဲ့သည်။ ဦးရွှေစာသည် စားဝတ်နေရေးအတွက် ထီးလုပ်သော အလုပ်ရုံကလေးကို ပုသိမ်မြို့တွင် စတင်ခဲ့သည်။ နောင်အခါ ပုသိမ်ထီးဟု နာမည်ကျော်ကြားသော ထီးများကို စတင်ထုတ်လုပ်ခဲ့လေ၏။

ယခုအခါ ပုသိမ်မြို့ကလေး၏ သင်္ကေတမှာလည်း ဦးရွှေစာ စတင်ထုတ်လုပ်ခဲ့သော ၄င်းပုသိမ်ထီးပင် ဖြစ်သည်။ နောင်အခါ ဦးရွှေစာသည် ထီးလုပ်ငန်း နည်းပညာနှင့် လျို့ဝှက်ချက်များကို သားဖြစ်သော ဦးစောထံ လက်ဆင့်ကမ်းသည်။ ဦးစောသည် အခြားသူများနှင့် စိတ်ဝင်စားသူများအား လက်ဆင့်ကမ်း သင်ကြားပေးပြီး ရိုးရာအမွေအနှစ်ကို ထိမ်းသိမ်းရန် စိတ်အားထက်သန်၏။

ဦးရွှေစာ၏သား ဦးစော

လက်ရှိအချိန်မှာတော့ ဦးစောရဲ့သားဖြစ်သူ ကိုမင်းနိုင်က အဆိုပါ မိသားစုလုပ်ငန်းကြီးကို ဦးစီးလုပ်ကိုင်လျက်ရှိပါတယ်။

အခုတော့ ထီးလုပ်တဲ့သူတွေက ပုသိမ်မှာ အများကြီးဖြစ်နေပါပြီ .. ကျနော့်အဖေက သူတို့ကို အလုပ်ပေးတယ်၊ စားစရာပေးတယ်၊ လစာလည်းပေးပြီး သင်ပေးပါတယ် … ကျနော့်အဖေဆီမှာ တစ်နှစ်လောက် သင်ပြီးရင်တော့ သူတို့အလုပ်ကထွက်ပြီး ကိုယ်ပိုင်အလုပ်ရုံလေးတွေ လုပ်ကြတော့တာပေါ့ ” ဟုဦးစောရဲ့သားဖြစ်သူ ကိုမင်းနိုင်က ပြောပါတယ်။

ဦးရွှေစာ၏မြေး ကိုမင်းနိုင်

ရွှေစာ ပုသိမ်ထီးအလုပ်ရုံက လက်ရှိအချိန်အထိ ပုသိမ်မှာ အကြီးဆုံးနှင့် ပြည်တွင်းပြည်ပ စျေးကွက်မှာ အကျော်ကြားဆုံး ထီးလုပ်ငန်းအဖြင့် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

ကိုမင်းနိုင်ရဲ့အလုပ်ရုံမှာ အလုပ်သမား ၂၅ယောက်ခန့်ရှိပြီး ကျယ်ပြန့်တဲ့ခြံကြီးထဲမှာ အလုပ်သမားတချို့က လုပ်ပြီးသား ထီးတွေကို နေလှန်းပြီး အခြောက်ခံနေကြသလို၊ အချို့ကလည်း နောက်တသုတ်လုပ်မယ့် ထီးတွေအတွက် ဝါးတွေဖြတ်ပိုင်းကာ ပြင်ဆင်နေကြတာကို တွေ့ရပါမယ်။ တချို့ကလည်း လုပ်လက်စ ထီးတွေအတွက် ထီးဖရိမ်အကြမ်းထည်တွေ တပ်ဆင်နေကြတယ်။ အမျိုးသမီးတချို့ သီချင်းတကြော်ကြော်နဲ့ ထီးအမိုးပိတ်စတွေကို တိုင်းထွာပြီး ဖြတ်တောက်နေကြ၏။ အစကနေ အဆုံးထိ ဘာစက်ကိရိယာကိုမှ မသုံးပဲ ရာနှုန်းပြည့် handmade ဖြစ်တဲ့အကြောင်း ကိုမင်းနိုင်က ဂုဏ်ယူစွာနဲ့ ပြောပါတယ်။




ပုသိမ်ထီးတွေကို တပ်ဆင်ထုတ်လုပ်ရာမှာ အဆင့်ပေါင်း ၅၆ ဆင့်ရှိပြီး အချိန်ကာလ တစ်ပတ်အထိကြာပါတယ်။ ထုတ်လုပ်ရာမှာ အဓိကအရေးကြီးတဲ့ အစိတ်အပိုင်းနှစ်ခုကတော့ ဝါးဖြင့်ပုံစံသွင်းရာတွင် သေသပ်မှုနှင့် အသုံးပြုသည့် အဝတ်ပိတ်စ အမျိုးအစားပေါ်တွင် မူတည်သည်ဟု ကိုမင်းနိုင်က ရှင်းပြသည်။ “ကျနော်တို့ ဝါးတွေကိုရွေးချယ်ရာမှာလည်း မိုးရာသီမှာ ခုတ်ထားတဲ့ ဝါးတွေကိုပဲ သုံးပါတယ် .. အဲဒါမှ အကောင်းဆုံး အခြေအနေကို ရမှာပါ။” “သုံးမယ့်သစ်တွေကိုလည်း သဘာဝအတိုင်း နှစ်လလောက် ရေစိမ်ထားပြီး အရောင်ချွတ်ပါတယ်” အဲဒီနှစ်ဆင့်စလုံးက သစ်တွေဝါးတွေမှာရှိတဲ့ ပိုးမွှားတွေကို ဖယ်ရှားနိုင်ဖို့ပါ။



ထီးလုပ်ရာမှာ အသုံးပြုသည့်ကော်ကို နဂိုမူလနည်းပညာအတိုင်း ပီလောပီနံ၊ တည်သီးအရည်၊ ကောက်ညင်းအမှုန့်တို့ကို ရောစပ်အသုံးပြုသည်။ နောက်ဆုံးအဆင့် နေလှမ်းအခြောက်ခံပြီးသော ထီးအသစ်များကို အရောင်တင်ရန်အတွက် နှမ်းဆီကို အသုံးပြုသည်။


တင်ပို့ရောင်းချမည့် နေရာဒေသပေါ်မူတည်ပြီး ထီးအပေါ်မှာ ရေးချယ်ရသည့် အရောင်ဒီဇိုင်းများလည်း ကွဲပြားသည်ဟု ကိုမင်းနိုင်က ရှင်းပြသည်။ “မန္တလေးဘက်ကို ပို့မယ်ဆို သူတို့အကြိုက်က အရောင်၂ရောင် ဒါမှမဟုတ်၃ရောင်၊ ပန်းပုံလေးတွေနဲ့ လိပ်ပြာပုံကလေးတွေ ဒီဇိုင်းလုပ်ပေးရတယ်။ ဒါက တော်ဝင်နန်းတွင်းမှာသုံးတဲ့ အရောင်ဒီဇိုင်းမျိုးပေါ့။ ပုဂံဘက်ကိုဆိုရင်တော့ အရောင်မှိုင်းမှိုင်း ရှေးကျကျဒီဇိုင်းပါ … ဒါက ကျနော်တို့ဆီမှာ ရေပန်းအစားဆုံး ဒီဇိုင်းလည်း ဖြစ်ပါတယ်။ အနီရောင်၊ အညိုရောင်နှင့် အဖြူဆွတ်ဆွတ်တွေက ပုဂံဘုရား နံရံဆေးရေးတွေမှာ တွေ့ရလေ့ရှိတဲ့ အရောင်အတွဲအစပ်တွေပါ။



“ရှေးဒီဇိုင်းတွေ၊ ရိုးရာအငွေ့အသက်တွေကို ခေတ်ပေါ်ရေးနည်းနဲ့ တွဲစပ်ရတာကို ကျနော်ကြိုက်ပါတယ်။ရေးဆွဲသမျှ  လိုင်းတွေ pattern တွေကိုလည်း အမြဲတမ်း ဆန်းသစ်နေစေဖို့ အလေးအနက်ထားပါတယ်။”


အဝတ်ပိတ်စ သုံးတဲ့ထီးတွေကို ဘုန်းတော်ကြီးတွေကတော့ ယနေ့အချိန်ထိ သုံးစွဲနေကြဆဲဖြစ်သည်။ သာမန်အားဖြင့် ပုသိမ်ထီးကို မိုးဒဏ် လေဒဏ်မှ ကာကွယ်ရန်အတွက် အသုံးပြုကြခြင်းမဟုတ်ပဲ နေအိမ်၊ ဟိုတယ်နှင့် အပန်းဖြေရာဥယျာဉ် ပန်းခြံများတွင် အလှဆင်ကြရန်အတွက် အဓိက အသုံးပြုကြသည်။ မြန်မာပြည်သို့လာရောက် လည်ပတ်ကြသော နိုင်ငံခြားသားများအကြား ပုသိမ်ထီးသည် အလွန်နာမည်ကျော်ကြားသော ဝယ်ယူရန် လက်ဆောင်ပစ္စည်းတစ်ခုလည်း ဖြစ်ပါသည်။




ကိုမင်းနိုင်သည် ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ခဲ့သော နာမည်ကျော် ပုသိမ်ထီးလုပ်ငန်းကို အောင်မြင်စွာ ထိမ်းသိမ်းနိုင်သူဖြစ်သည်။ “ကျနော်က ဒီအလုပ်ထဲမှာပဲ မွေးတာ၊ အဘိုးလက်ထက်ကထဲက စခဲ့တဲ့လုပ်ငန်းကို ကျနော်စွမ်းအားရှိသလောက် ထိမ်းသိမ်းမယ်၊ ကျနော်တို့ မရှိတော့တဲ့ အချိန်တွေမှာလည်း ဒီရိုးရာ လက်မှုလုပ်ငန်းဟာ တည်ရှိနေမှာပဲလို့လည်း မျှော်လင့်ပါတယ်"ဟု ကိုမင်းနိုင်က ပြောသွားပါတယ်။

Ref and Translated : Reader’s Digest | November 2013
Photographer : Brent Lewin

Saturday, June 29, 2013

Bangkok

အမှတ်မရှိ .. ဒီတစ်ခါလည်း ကျားကိုပဲ စီးပါသည်။ သူတကာထက် ဈေးပေါသောကြောင့် ဖြစ်၏။ ဘက်ဂျက်ဆိုသောကြောင့် ဝန်ဆောင်မှုလည်း မကောင်း၊ ထိုင်ခုံများလည်းစုတ်၊ လေယာဉ်မယ်များကအစ ရုပ်ဆိုးလေသည်။ အဆင်းအတက်လည်း ကြမ်းတမ်း၏။ လေယာဉ်များကပဲ စုတ်သလား၊ ဈေးပေါပေါ လေယာဉ်မှုးတွေပဲ ခေါ်ခန့်ထားလေသလား မသိနိုင်ပေ။


ဘယ်တုန်းကမှ စားမကောင်းသော လေယာဉ်ပေါ်က မဝရေစာ .. 12 SGD ပေးရ၏။


အဆုံးမရှိအောင် ကျယ်ဝန်းတဲ့ အမှားတွေထဲ
တိမ်တွေက လှလိုက်တာ ......
ကိုယ့်မှာ တရားနဲ့ဖြေရတယ်။
ကေဇော် (မန္တလေး သိန်းဇော်)၏ "ရှုမျော်ခင်း" ကဗျာမှ။


၂ နာရီခန့် သက်တောင့်သက်သာ မရှိလှစွာ ပျံဝဲပြီးနောက် အောက်ဆင်းဖို့ ပြင်လေသည်။ ကဲ ... Good morning, Bangkok.


ဘန်ကောက် Suvarnabhumi airport သည်ကြီးမားသော်လည်း စနစ်တချိူ့ ရှုပ်ထွေးသည်။ စင်္ကာပူလေဆိပ်ကဲသို့ အလိုမလိုက်ပေ .. လမ်းညွှန်တွေကလည်း နားလည်ရခက်ပါသည်။ အင်မီဂရေးရှင်း ဖြတ်ပြီးတော့ ကြော်ငြာတစ်ခု တွေ့သဖြင့် ဂိတ်နံပါတ်(၆) သို့ ရှာဖွေသွားရောက်ကာ ဖုန်းဆင်းမ်ကဒ် ဝယ်သည်။ Dtac Happy Torist SIM card ဖြစ်သည်။ 299 Baht ဖြစ်၏။ အင်တာနက် 3G unlimited ခုနှစ်ရက် သုံးနိုင်ကာ ဖုန်းပြောရန်အတွက် 100 Baht ပါပါသည်။ အင်တာနက် ကော်နတ်ရှင် တော်တော်လေး ကောင်း၏။

လေဆိပ်ထဲတွင် Taxi ဆိုပြီး ပြူးပြဲနေအောင် ဆိုင်းဘုတ်ကလေးများ တင်ထားသော ကောင်တာကလေးများ ရှိသည်။ မြို့ထဲ ဟိုတယ်သို့ သွားရန် မေးမြန်းလေရာ .. 1300 Baht ကျမည်ဟု ပြောသည်။ ကိုယ်က ဘာမှပြန်မပြောပဲ မျက်နှာတည်သွားသောအခါ 1000 ဟုပြောပြန်သည်။ လှည့်ထွက်ရန် အထုတ်ဆွဲသောအခါ 700 ဟုပြောပြန်သည်။ သဘောပေါက်သွားပြီ ဖြစ်သည် .. ထိုကောင်တာများသည် Public Taxi ကောင်တာများမဟုုတ်ပဲ ကားအငှား ဝန်ဆောင်မှုပေးသော ကောင်တာများသာလျင် ဖြစ်ချေ၏။ ဘယ်လောက်ပေးနိုုင်သလဲဟု ထပ်မေးပြန်သည် .. ဘယ်လောက်ပေးနိုင်သလဲဟု မေးသော ဈေးရောင်းသူကို မုန်းလေ၏။

မြေညီထပ် (level 1) တွင် မီတာဖြင့်မောင်းသော taxi များရှိသည်။ တန်းစီပြီး အလှည့်ရောက်လျင် ကားပေါ်တက်လိုက်ရုံသာဖြစ်သည်။ Taxi သမားများ အင်္ဂလိပ်စာ ညံ့ဖျင်းလေသည်။ ကိုယ်ပြောလည်း သူနားမလည်ပေ .. ဟိုတယ်ဝက်ဘ်ဆိုက်မှ ထိုင်းဘာသာဖြင့် ရေးထားသော taxi card ကို print ထုတ်လာသောကြောင့် အဆင်ပြေသည်။ လေဆိပ်မှ ဟိုတယ်သို့ မီတာဖြင့်မောင်းရာ 450 Baht ပေးရပါ၏။



Sexy color Taxi :)


တစ်ခါတစ်လေ အရာရာကို အပေါ်စီးက ကြည့်ရတာ စိတ်ချမ်းသာ၏။



ပထမနေ့က ညစာကို Lek ဆိုတဲ့ Sea Food ဆိုင်မှာစားဖြစ်၏။ ထိုဆိုင်အကြောင်းကို Trip Adviser ဝက်ဘ်ဆိုက်ထဲမှာ တော်တော်များများ recommend ပေးထားကြလို့ သွားကြည့်ခြင်း ဖြစ်၏။။ အရသာလည်း ကောင်းသည်၊ ဈေးလည်း ချိုပါသည်။ "Chong Nonsi" BTS Station ရဲ့ အောက်ကိုဆင်းလိုက်တာနဲ့ အဲဒီဆိုင်ကိုတွေ့ရ၏။ စားပွဲထိုး ရွှေမြန်မာအချို့ ရှိသည်။


ကွေးကွေးလေး နေသော်လည်း ချစ်စရာကောင်းလေသည်။


ကန့်လန့်ကန့်လန့်နဲ့ ဘေးတိုက်သွားသော သတ္တဝါဖြစ်သော်လည်း .. စားကောင်းလှ၏။



မြို့တွင်းသွားသော ရထားများ အင်မတန်ကောင်းလေသည်။ လေအေးပေးစက် အေးမြနေပြီး မြန်လည်းမြန်ကြ၏။



စွန့်စားခြင်းတွင် ဝါသနာပါလျင် သုံးဘီးကား (Tuk Tuk) စီးပါ။ သေချင်စိတ် ပေါက်လောက်အောင် ကြမ်းတမ်းစွာ မောင်းကြ၏။


ကဲ ... ဘာစီးမှာလဲ ရွေးလေ ...


ကျောက်ဖရား မြစ်ရေသည် ညစ်ပတ်ပြီး ဗွက်နံ့နံလေ၏။ လူအများအပြား လှေစီးရင်း ပျော်ကြသည်။ အလုပ်သွား၊ အလုပ်ပြန်များလည်း စီးကြသည်။ တိုးရစ်များလည်း စီးကြသည်။






ဘန်ကောက်တွင် အမြဲတမ်း လမ်းတွေ ပိတ်နေသည်။ မီးပွိုင်တွင် ဖြတ်ရန်စောင့်ရင်း ငုတ်တုတ်မေ့သွားနိုင်သည်။




မွေထိုင်း


ထိုင်းရောက်တော့ သူလည်း ပို့စ်ပြောင်းရလေ၏။





နာမည်ကြီး Mango Sticky Rice ..





Ayutthaya ...






















ကြက်ဖတွေ .. ယခင်က ကြက်သမားများ ကောင်းစားခဲ့ဟန်ရှိ၏။


ကျနော်တို့ရဲ့ တိုးဂိုက် လူချောလေး .. သူ့တွင်ကိုယ်ပိုင် အင်္ဂလိပ်ဘာသာစကားရှိ၏။ ပြောချင်သလို ပြောလေသည်။ အဓိက တစ်ယောက်နှင့်တစ်ယောက် နားလည်ရန်သာ အရေးကြီးသည် မဟုတ်ပေလော ..


အုန်းသီး


Bang Pa-In (နွေရာသီနန်းတော်)








အရောင်စုံမျောက်ကလေးတွေ .. တိုးလို့ တွဲလောင်းနဲ့


Grand Palace ..








နန်းတော်ထဲက နံရံပန်းချီတွေဖြစ်သည် .. လူပုံမတွေ့ရပဲ မျောက်နှင့် ဘီလူးတွေသာ တွေ့ရ၏။






ဒီဘီလူးက နေမကောင်းဖြစ်နေပုံရ၏။


ထိုနေ့က ကံမကောင်းပါ .. ဘယ်ကိုသွားသွား ပြည်ကြီးကလာသော ကိုရွှေတရုတ်များနှင့် မလွတ်ပေ။ ကလေးမှအစ သေခါနီး အဖိုးကြီး အဖွားကြီးအဆုံး ပိုးစိုးပက်စက် မိုက်ရိုင်းပြီး ယဉ်ကျေးမှုမဲ့သော လူတန်းစားများဖြစ်သည်။ လူတကာ တန်းစီနေကြလျင် ကြားကိုအတင်း၀င်တိုးသည်၊ ၀င်တိုက်သည်၊ ကင်မရာချိန်ထားသည်ကို တွေ့လျင် အရှေ့တည့်တည့် လာရပ်နေမည်၊ အင်မတန် ကျယ်လောင်စွာ စကားပြောကြသည်။


Street Foods (လမ်းဘေးက စားစရာများ) ..







Street Musicians


Chatuchak weeken market





အတိတ်မှ ရုန်းမထွက်နိုင်ကြသေးသူများလည်း ရှိလေ၏။


အလိုမကျသောအခါ ဆန္ဒပြကြခြင်းသည် ဒီမိုကရေစီဖြစ်ပါသလား ..


ရှော့ပင်းမြို့တော် .. ဘန်ကောက်သည် ကမာ္ဘ့ဒုတိယအကောင်းဆုံး Shopping City ဖြစ်သည်ဟု ဆိုလေသည်။
















Damnoen Saduak ရေပေါ်ဈေး




















ပြန်ကြပြီ ..

ကားသမားနှင့် ငှက်ပျောသီး ..


အသွားအပြန် ၀ယ်ထားသောကြောင့် အပြန်လည်း ကျား(Tiger Airways) ဖြင့်ပင်ဖြစ်သည်။ အပြန်လေယာဉ်သည် အသွားတုန်းကထက် ပိုပြီးစုတ်လေသည်။ ထိုင်ခုံများလည်း ဘတ်စ်ကား ထိုင်ခုံသာသာ ဖြစ်၏။ ချန်ဂီလေဆိပ်အဆင်းတွင် ပြေးလမ်းပေါ်မရောက်ခင် စက်သံများရပ်သွားသည် .. မြေပေါ်မရောက်ခင် ပေအနည်းငယ် လိုဦးမည်ထင်သည်။ မြေပေါ်သို့ ခပ်ပြင်းပြင်း "ဒုန်း" ခနဲ့ဆောင့်ပြီးကျသည်။ ပြတင်းပေါက်မှကြည့်ရာ မီးသတ်ကားများ ပြေးလမ်းဘေးမှမီးများဖွင့်၍ လိုက်လာကြသည်။ ဘရိတ်ဆွဲသံများ ဆူညံပြီးနောက် ပြေးလမ်း အလည်တည့်တည့်တွင် လုံး၀ရပ်သွား၏။ ထိုသို့ရပ်ထားသည့်အတိုင်း နာရီ၀က်ခန့်ကြာမှ လေယာဉ်ကို ကားငယ်လေးဖြင့် လာဆွဲကြသည်။


ကုသိုလ်ကံ အတော်ကောင်းနေသေးသည်ဟု ပြောနိုင်၏။ Emergency Landing ဖြစ်သည် .. သို့သော် ခရီးသည်များအား ကြိုတင်အသိမပေးပဲ ဆင်းလိုက်ခြင်းသာ ဖြစ်သည်။ ဘတ်ဂျက် အဲလိုင်းစီးရခြင်း၏ အရသာကို အနည်းငယ် သိလာသယောင် ရှိပြီဖြစ်သည်။ နောက်နောင်တွင် ပိုက်ဆံကို မကြည့်ပဲ လေယာဉ်စီးနိုင်ရန် ကြိုးစားရပါမည်။