Pages

Thursday, July 5, 2012

Genting Highland (မလေးရှား)

ဘတ်စ်ကားက ခုနှစ်နာရီခွဲ ထွက်မည်ဖြစ်သောကြောင့် မနက်အစောကြီးထပြီး taxi ငှားကာ ဂိုးဒင်းမိုင်းလ် သို့လစ်သည်။ အရေးထဲ ကားဆရာက လမ်းမှားသောကြောင့် မိနစ် ၂ဝခန့် နောက်ကျပြီး ပိုက်ဆံ ၁ဝ လောက် ပိုကုန်သွားသည်။ မတတ်နိုင် .. သူမောင်းပို့လို့သာ ရောက်လာရခြင်းဖြစ်သည်။ ကိုယ့်ဟာကိုယ်လည်း သွားမှ မတတ်ပဲ။ ဂိုးဒင်းမိုင်းလ်ရောက်တော့ ဘွတ်ကင်လုပ်ထားသော လက်မှတ်ဖြင့် Grassland ကားဂိတ်တွင် ချက်ကင်လုပ်ရ၏။ လက်မှတ်တွင် ကားနံပါတ် ရေးပေးလိုက်သည်။ အချိန်နာရီဝက်ခန့် လိုနေသေး၍ အနီးရှိ ဆိုင်ကလေးတွင် အအေးနှင့် မုန့်စားသည်။ တော်ကြာနေ ကားရောက်လာ၍ ကားပေါ်သို့တက်၏။ ကားကြီးတွေ တော်တော်လေးကို ကောင်းပါ၏။ ခုံကလိုသည်ထက် ကျယ်နေပြီး ကိုယ်ပိုင် တယ်လီဗေးရှင်း တစ်လုံးစီလည်းပါသည်။ ရွာက ကလေးတွေသာဆို အတော်သဘောကျကြမည် ဖြစ်သည်။ ခုတော့ TV လည်းစိတ်မဝင်စားတော့၍ တစ်လမ်းလုံး ဖွင့်ကိုမကြည့်ပေ။


ကားပေါ်က အဲကွန်းကလည်း ပုံမှန်ထက်ပို၍ အေးပါသည်။ မနေနိုင်တော့၍ ကျောပိုးအိတ်ထဲက အနွေးထည် ထုတ်ဝတ်ရသည်။ မလေးရှားကို Tuas Checkpoint မှကူးသည်။ ခါတိုင်း JB ကိုသွားတိုင်း Woodland Checkpoint မှပဲသွားဖူးသောကြောင့် အနည်းငယ် ကြောင်တောင်တောင်ဖြစ်ရ၏။ ပတ်စ်ပို့ ကိုင်ပြီး လမ်းဖြတ်လျှောက်သွားရုံသာ ဖြစ်၍ အရမ်းကိုမြန်ပါသည်။ ဘာကိုမှလည်း စောင့်စရာမလိုပါ။ အခြားတဖက်တွင် စီးလာသောကားက စောင့်နေသောကြောင့် ကားပေါ်တက် ခရီးဆက်၏။ ကားနံပါတ်တော့ မှတ်ထားဖို့ လိုလေမည်၊ မဟုတ်ပါက ကားမှားတက်မိမည် ဖြစ်သည်။ လူတွေများ၍ ကားတွေအားလုံးက ခပ်ဆင်ဆင်တူပါသည်။

မလေးဘက်ရောက်သည်နှင့် တွေ့သမျှ လမ်းညွှန်ဆိုင်ဘုတ်များကို ဖတ်၍မတတ်တော့ပေ။ သို့သော်ပူစရာမလို … ကားဆရာမောင်းပို့သည့်နောက် ဇိမ်နှင့်ထိုင်လိုက် သွားရုံသာ ဖြစ်သည်။ အချိန်တန်တော့ ရောက်ပေလိမ့်မည်။ ဟိုင်းဝေးလမ်းပေါ် စတက်တာနှင့် ကြည့်စရာ ရှုစရာ မြင်ကွင်းလှလှပပ ဘာတစ်ခုမှ မရှိပေ။ တွေ့လိုက်သမျှ ဆီအုန်းစိုက်ခင်းတွေသာ ဖြစ်၏။ ကားပေါ်တွင် အိပ်၍ လိုက်ခြင်းသည်သာလျင် အသင့်တော်ဆုံး ဖြစ်လေ၏။


၃ နာရီခန့် ကားစီးပြီးသောအခါ တစ်နေရာတွင် ရပ်သည်။ စားရန်နှင့် ပေါက်ရန် နာရီဝက်နားမည်ဟု ကားဆရာက အော်ပြောသည်။ Food Court အကြီးကြီး တစ်ခုဖြစ်သည်။ မြင်သမျှ ဆိုင်းဘုတ် ကြိုးစား၍ လိုက်ဖတ်ပါသေးသည်။ နားမလည်ပေ ဘယ်ကိုရောက်လာမှန်းလဲ မသိပါ။ အိမ်သာကိုပင် မလေးလို ရေးထားသောကြောင့် အရုပ်ကြည့်၍သာ နားလည်ရသည်။ ဂါဝန်နှင့် ကောင်မလေးပုံ မြင်လျင် အမျိုးသမီး သန့်စင်ခန်းဖြစ်သည်။ ထိုမျှလောက် နားလည်ရုံဖြင့် အဆင်ပြေပါသည်။ စလုံးနှင့် ဝေးလာ၍ အများသုံး အိမ်သာများ ညစ်ပတ်လာသည်၊ အဲကွန်းကို ဖောဖောသီသီ သုံးတာမျိုး မရှိတော့ပေ။ ဆိုင်များတွင် စားစရာများ တော်တော်စုံပါသည်။ မလေးရှား ရောက်လာ၍ ဈေးသက်သာမည် မထင်လိုက်ပါနှင့် … ထိုုနေရာတွင် စားစရာများ စလုံးထက်ပင် ဈေးများနေသေးသည်။ Marlboro စီးကရက်တစ်ဘူး ဝယ်၏၊ ရင်းဂစ် ၁ဝ ပေးရသည်။ ဆိုးတော့ မဆိုးပေ စလုံးမှာထက် ထက်ဝက်ကျော်ကျော် သက်သာပါသည်။ ပို၍ကောင်းသည်မှာ ဆေးလိပ်သောက်ရန် နေရာရှာစရာ မလိုခြင်းဖြစ်သည်။ တွေကရာနေရာ ဆေးလိပ်သောက်ခွင့် ရှိပါ၏။ ကောင်းလေစွ …. ။ :)


စားသောက်ပြီး နာရီဝက်ခန့် အကြာကားပေါ်တက်၍ ခရီးဆက်ကြပြန်သည်။ ဟိုင်းဝေးလမ်းမကြီးများမှာ တော်တော်ကောင်းသည်။ ကားတွေလည်း အရမ်းမောင်းကြသည်။ လမ်းမှာ ထူးထူးခြားခြား ဘာမှ ကြည့်စရာ မရှိပေ။ ဆီအုန်းစိုက်ခင်းတွေ ရှိသည်၊ ရာဘာပင်တွေ တွေ့သည်၊ တခါတရံ ဆိုင်ကယ်စီးနေသော လူတချို့နှင့် အိမ်ကလေးတွေ တွေ့သည်။ မြို့ကလေးတွေ ကိုဖြတ်မောင်းသွားသည်။ အတော်ကြာသောအခါ ဟိုင်းဝေးလမ်းက တောင်တက်လမ်း ပိုဆန်လာ၏။ ထို့နောက်သတိထားမိလာတာက ကားက တောင်ပေါ်စတက်နေပြီ ဖြစ်သည်။ အချို့နေရာ တော်တော်မတ်သည်၊ သို့သော် လမ်းတွေက အကျယ်ကြီးဖြစ်၍ ကားတွေလည်း အရှိန်မလျော့ကြပေ။


Genting က တောင်ပေါ်မှာ သီးသန့်ရှိနေတဲ့ ရပ်ကွက်တစ်ခုစာ အရွယ် အပန်းဖြေစခန်းလေးသာဖြစ်၏။ မြို့ဟုလည်း ပြောလို့ မရပါ၊ ဟိုတယ်များ၊ ကစားကွင်းများ၊ ကာစီနိုများ သာရှိ၏။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ 2000 ကျော်မှာ ရှိပြီး မြို့တော် ကွာလာလန်ပူ နဲ့ ကီလိုမီတာ 50 လောက်သာဝေးပါတယ်။


အတော်ကြာကြာ တက်ရတဲ့ တောင်တက်လမ်းအဆုံးမှာတော့ ကျနော်တို့ တိမ်တွေရဲ့ အပေါ်ကို ရောက်လာပြီဖြစ်သည်။ ကားက First World Hotel ရဲ့ Bus Terminal မှာရပ်တော့ ဆင်းကြသည်။ ကားပေါ်မှ ဆင်းလိုက်တာနဲ့ ရာသီဥတုက အတော်လေးအေးနေပြီ။

First World ဟိုတယ်ကို စလုံးရှိ Sentosa အပန်ဖြေစခန်းကို လုပ်ကိုင်နေသော Resort World ကုမ္ပဏီမှ ဖွင့်လှစ်ထားခြင်း ဖြစ်၍ အခန်းပေါင်း ၆၁၁၈ ခန်းရှိကာ ကြယ်၃ပွင့် အဆင့် ရှိသည် ဆိုပါ၏။


ကားပေါ်မှ ဆင်းပြီး ဟိုတယ် ချက်ကင်ဝင်ဖို့ တော်တော်လေးလှမ်းသေးတဲ့ Lobby ကို လမ်းလျှောက်ရ၏။ ဘွတ်ကင်လုပ်ပြီးသားဖြစ်၍ ချက်ခြင်းအခန်းယူ၊ ချက်ခြင်းနားရမည် ထင်ထားသည်မှာ အမှားကြီး မှားလေသည်။ Check In လုပ်ရန်အတွက် ကောင်တာ ၂ဝ ခန့်ရှိ၏။ ထိုကောင်တာများသို့ ဝင်ရန် အတွက် လူပေါင်း လေးငါးရာခန့်က ထိုင်စောင့်နေကြသည်။ သူတို့လိုထိုင်စောင့် နိုင်ဖို့အတွက် တန်းစီ၍ တိုကင်နံပါတ် ယူသောစက်များတွင်လည်း လူတန်းကြီးက တော်တော်ရှည်သည်။ မတ်တပ်ရပ် တန်းစီ၍ Queue နံပါတ် ရသောအခါ ခုံများတွင်ထိုင်၍ ကိုယ့်နံပါတ် အလှည့်ကျရန် ထိုင်စောင့်ရ၏။


တိုကင်နံပါတ် ၃ဝဝ ကျော်ကို တစ်နာရီကျော်ခန့် ထိုင်စောင့်အပြီးမှာ ကိုယ့်နံပါတ်ကျသော ကောင်တာကို ပြေးရသည်။ ဘွတ်ကင်လုပ်ထားသော စာရွက်နှင့် ပတ်စ်ပို့ကို တောင်းကြည့်ပြီး အခန်းဖွင့်ရန် အတွက် သော့အစားသုံးရသော ကဒ်များနှင့်အတူ အားလုံး ပြန်ပေးသည်။ စာရွက်တွင်လည်း တာဝါအမှတ်၊ အလွှာနံပါတ်နှင့် အခန်းနံပါတ်များကို ရေးပေးလိုက်သည်။ မည်သူမှ လိုက်ပို့မည်မဟုတ်ပါ၊ လမ်းညွှန်တွေကို ဖတ်ပြီး ကိုယ့်အခန်း ကိုယ့်ဟာကိုယ် သွားရမည် ဖြစ်သည်။ အခန်းရှေ့ရောက်တော့ ပေးလိုက်တဲ့ကဒ်ကို ထိုးပြီး တံခါးဖွင့်ရသည်။ အခန်းထဲတွင် အေးစိမ့်လို့နေသော်လည်း အဲကွန်းမရှိပေ။ ကြမ်းပြင်နှင့် နံရံတွေက အေးစက်နေ၏။ ဤအရပ် ဤဒေသ၌ အဲကွန်းသုံးရန် မလိုအပ်ပေ။ ပြတင်းပေါက်ကို ဖွင့်ကြည့်သောအခါ လေပဲတဟူးဟူး တိုက်နေ၍ ညနေ၄နာရီ ဝန်းကျင်သာ ဖြစ်သော်လည်း မြူများပိတ်နေ၍ အပြင်ကို မမြင်ရပါ။

ရေချိုးပြီး ကင်မရာဆွဲ၍ အပြင်ထွက်စရာ မလိုသော Indoor Theme Park ထဲလျှောက်သွားကာ ဓါတ်ပုံရိုက်သည်၊ ဆိုင်တွေထဲ ဝင်ကြည့်သည်။ Branded တွေ တွေ့၍ ဈေးသက်သာမလား ဆိုပြီး ဝင်စပ်စု၏။ ထူးမခြားနားပေ … စင်္ကာပူ ပိုက်ဆံဖြင့် တွက်ကြည့်ပါက ဈေးတောင်ပိုများသေးသည်။





လျှောက်နိုင်သမျှ လျှောက်ကြည့်ပြီး တွေ့တဲ့ဆိုင်မှာ ထမင်းဝယ်စားသည်။ ဟင်းသုံးမျိုးနှင့် ထမင်းဖြစ်သည်၊ ကိုယ်ဟာကိုယ် စားနိုင်သလောက် ခပ်ထည့်ပြီး ကောင်တာတွင် ပိုက်ဆံသွားရှင်းရသည်။ တစ်ယောက်စာ ၁၄ ရင်းဂစ် ပေးရ၏။ အရိုးစွဲနေသော စလုံး Food Court များမှ တစက်တလေမှ အရသာမရှိသော ထမင်းဟင်းများနှင့် စာရင် အတော်လေးတော့ စားလို့ အဆင်ပြေပါသည်။


ဆိုင်တစ်ဆိုင်တွင် ကျားတံဆိပ် သံဗူးများကို တွေ့၍ စပ်စုပြန်ရာ ၁၅ ရင်းဂစ်ဟုပြောသည်။ တသက်နဲ့တကိုယ် ကြုံဖူးသမျှ ဘီယာ ဈေးအများဆုံး ဒေသကို ရောက်နေသည်ကို သတိထားမိသည်။ လိမ္မာလိုက်သည်။ ကော်ဖီတစ်ခွက် ရင်းဂစ် ၂ ကျပ်ပေးကာ အတင်းမြိုချ၏။ 😛

မနက်စားရန်အတွက် ကိတ်မုန့်တချို့ ဝယ်သည်။ အခန်းထဲတွင် ကော်ဖီဖျော်နိုင်သော ကိရိယာ တန်ဆာပလာများ တွေ့ထား၍ ဖြစ်၏။ စောင်အထူကြီး ပေးထားသော်လည်း အခန်းထဲတွင် အတော်လေးအေးလေ၏။
=======================================

မနက်၉နာရီခန့် အိပ်ယာထသည်၊ ကော်ဖီဖျော်ပြီး ညကဝယ်ထားသော ကိတ်မုန့်ကို စားသည်။ အခန်းပြင်ထွက်ကြည့်သည်။ မြူတွေပဲ တွေ့ရသေးသည်၊ ဘာမှမမြင်ရသေး။

မျက်နှာသစ်၊ ရေချိုး၊ စားပြီးသောက်ပြီး အပြင်ထွက်သည်။ ကစားကွင်းလက်မှတ် ရောင်းသောနေရာတွင် တန်းစီသောသူ အတော်များနေပြီ။ ဝင်ပြီး တန်းစီကြသည်၊ Outdoor Theme Park ဝင်ကြေးက တစ်ယောက်ကို ရင်းဂစ် ၅ဝ ဖြစ်၏။ တစ်နေ့လုံး အတွက်ဖြစ်ပြီး အထဲတွင် ကြိုက်ရာကို အခေါက်ရေ အကန့်အသတ်မရှိ ကစားနိုင်သည်။ ကေဘယ်လ်ကားက နာမည်ကြီး၍ စုံစမ်းကြည့်တော့ ပြင်ဆင် ထိမ်းသိမ်းဖို့အတွက် တစ်လ ပိတ်ထားသည်ဟုဆို၏။ မစီးလိုက်ရပေ။

Theme Park လက်မှတ်ဝယ်ပြီး အထဲဝင်ကာ တွေ့သမျှ ဂျွမ်းထိုး မှောက်ခုံ အကုန်လျှောက်စီး၏။ တစ်ခုစီးချင် တစ်ခါတန်းစီရ၏။ အချို့နေရာများတွင် တန်းစီသောသူ အတော်များ၏။


ပြိုင်ကားလေးများ မောင်းရန် တန်းသွားစီ၏။ နာမည်၊ ပတ်စ်ပို့ နံပါတ်ပေးပြီး ကိုယ့်ဟာကိုယ် ဆတ်ဆော့၍ ကမြင်းကြောထခြင်း ဖြစ်ကြောင်း လက်မှတ်ထိုးပေးရသည်။ တစုံတခု ဖြစ်ပါက တာဝန်မယူဟု ဆိုလိုခြင်းဖြစ်သည်။ နာရီဝက်ခန့် တန်းစီအပြီးတွင် ရှေ့ကလူတန်းကြီး တဝက်တောင် မလျော့သေး၍ လက်လျော့လိုက်သည်။

အထဲတွင် လျှောက်သွားသည်၊ စားသည်၊ ကစားသည်။ သို့နှင့် ညနေစောင်းသွား၏။ အခန်းပြန်ကာ ရေချိုးပြီး ပြန်ထွက်သည်။ မရောက်သေးသောနေရာများ ကျန်နေမလားဟု ဟိုစပ်စပ် ဒီစပ်စပ် လျှောက်သွားသည်။




 ဗိုက်ဆာလာ၍ စားရန် ဆိုင်လိုက်ရှာသည်။ အရှာလွန်သွား၍ မနေ့က ဆိုင်မှာပင် ပြန်စားသည်။ ကာစီနိုတွေထဲ ဝင်ကြည့်ဖို့ စိတ်ကူးရသေးသည်။ ကစားနည်းတွေ တစ်ခုမှလည်း နားလည်သည် မဟုတ်၍ ဝင်ကြည့်ရမှာ ပျင်းသွားသည်။ မဝင်ဖြစ်လိုက်ပါ။
=========================================

နောက်တစ်နေ့ မနက် အိပ်ယာထပြီး အောက်ထပ်ရှိ Starbucks တွင် ကော်ဖီနှင့် မုန့်တစ်ခု စား၏။ ဟိုတယ် Check Out မှာ ၁၂နာရီ ဖြစ်၍ ၁၂နာရီ မထိုးခင် အခန်းမှ ထွက်ပေးရမည် ဖြစ်သည်။ ကားက ညနေ ၃ နာရီမှ ထွက်မည်ဖြစ်ပြီး အချိန်တွေက ကြားထဲမှာလွတ်နေသည်။ အခန်းထဲက ပစ္စည်းတွေသိမ်း၊ အောက်ဆင်းကာ ပေးထားသော ကဒ်ပြားများကို Check Out Machine များထဲသို့ ထိုးထည့်လိုက်ရုံဖြင့် ဟိုတယ် Check Out လုပ်ခြင်း process ပြီးစီးလေသည်။


Check Out လုပ်ပြီး ကားပေါ်မတက်ခင် နေ့လည်စာ အပြီးစားသွားရန် ဆိုင်လိုက်ရှာရာ “Kopitiam” Food Court ကြီးကိုတွေ့သည်။ ပြန်ခါနီးမှ ဒင်းကိုရှာတွေ့ခြင်း ဖြစ်သည်။ ထိုင်းဆိုင်တစ်ဆိုင်မှ တုမ်ယမ်း ဟင်းရည်တစ်ပွဲ၊ ကန်စွန်းရွက်ကြော် တစ်ပွဲမှာ၍ ထမင်းဖြင့်စားသည်။

စားပြီးတော့ အထုတ်ဆွဲကာ Bus Terminal သို့သွားသည်။ Grassland ကားဂိတ်တွင် ကားလက်မှတ် ချက်ကင်သွားလုပ်ရာ ၂ နာရီခွဲမှ ပြန်လာပါဟု မောင်းထုတ်၏။


အချိန်ကတော်တော်လိုသေး၍ ကော်ဖီသောက်၊ ဆေးလိပ်ဖွာ၊ တွိုင်းလတ်သွားရင်း ထိုင်စောင့်ရသည်။ လေတိုက်လျင် တော်တော်လေး အေး၍ အကာအကွယ် ရသောနေရာတွင် ထိုင်ရ၏။

အချိန်စေ့သောအခါ ဂိတ်တွင် ချက်ကင်လုပ်၏။ ကားနံပါတ်သိရပြီ ဖြစ်၍ ကားပေါ်တက်ထိုင်သည်။ ခဏနေတော့ ကားစထွက်သည်။ အဆင်းခရီးဖြစ် သောကြောင့် အတက်တုန်းကထက် ပို၍မြန်သည်။



အပြန်တွင် ကားက KL မြို့ထဲက ဖြတ်ပြန်သည်။ လမ်းကြို လမ်းကြားလေးတွေထဲက ဖြတ်မောင်းသည်။ Petronas မျှော်စင်ညီနောင်ကြီးကို ကားပေါ်ကပဲ လှမ်းတွေ့လိုက်ရသည်။


မြို့ထဲကထွက်တော့ ဟိုင်းဝေးလမ်းပေါ် ပြန်ရောက်၏။ ညနေစာအတွက် အသွားတုန်းက ရပ်သောနေရာတွင်ပင် ရပ်သည်။ ညနေစာ စားပြီး ပြန်ထွက်တော့ မှောင်နေပြီ။

Tuas Checkpoint ကို ၉နာရီခွဲတွင် ရောက်၍ အင်မီဂရေးရှင်း ကောင်တာတွေဖြတ်၊ ကားပြန်စီးလိုက်တာ ဂိုးဒင်းမိုင်းလ်ကို ည ၁ဝ နာရီခန့်မှာ ပြန်ရောက်ပါတယ်။ :)