Pages

Friday, June 15, 2012

15 June 2012

အခုတစ်လော ဘာကိုရှုပ်နေမှန်းကို မသိပေ၊ အရမ်းကို အလုပ်များ၏။ အလုပ်ကို အရမ်းလုပ်သော်လည်း မန်နေဂျာ၏ ငြိုငြင်မှုကို ခံရသေး၏။ တစ်ခါတစ်လေ အလုပ်တွင် ဘာမှ လုပ်စရာမရှိပဲ တစ်နေကုန် ထိုင်နေရတတ်သည်။ ဘာမှ လုပ်စရာမရှိသော အခြေအနေကို မကြိုက်ပါ၊ တစ်နေကုန် အလုပ်ချည်းပဲ လုပ်နေရသည်ကိုလည်း မကြိုက်။ မည်သို့ လုပ်ရမည်နည်း စဉ်းစားလို့ မရသေးပါ။
မနက်ဖန် စနေနေ့ အလုပ်သွားရပါမည်။ သွားရမည်မှ အစောကြီးကိုထပြီး သွားရမည်ဖြစ်သည်။ တစ်နေကုန် ငုတ်တုတ်ထိုင်ရမှာလည်း ဖြစ်နိုင်သလို တစ်နေကုန် အလုပ်လုပ်ရမှာလည်း ဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် သွားရမည်ကို စိတ်မပါလှ၊ ဘာလို့မှန်းမသိပေ။

နေဝင်တာနဲ့ Shop&Save သို့သွားပြီး ဘီယာသုံးပုလင်း ဝယ်သည်။ သူငယ်ချင်းနှင့် အဖော်စပ်ထားပြီးသောကြောင့်ဖြစ်သည်။ အဖော်ကောင်းသောကြောင့် သောက်ခြင်းတော့ မဟုတ်ရပါ။ ကိုယ့်ဟာကိုယ် သောက်ချင်သောကြောင့် သူငယ်ချင်းကို အဖော်စပ်ခြင်းသာဖြစ်၏။ တံဆိပ်က ဟန်နီကင် ဖြစ်၏။ ထိုဘီယာကို မြန်မာနိုင်ငံတွင် အဖေတို့ခေတ်ကသာ မှီပြီး ကိုယ်တွေတော့ ဘူးခွံသာ မြင်ဖူးလိုက်သည်။ ဒီမှာတော့ အခြားတံဆိပ်ထက် ဈေးတော့နည်းနည်းကြီးပြီး ပေါပေါများများ ရှိ၏။ ကောင်းလေစွ … ။


ပုလင်းထည့်ထားသော ကျွတ်ကျွတ်အိတ်ကို လက်ကဆွဲပြီး တိုက်ကြားထဲမှ လျောက်ပြန်၏။ အရင်တလောက ၁၃ ထပ်မှ ပြုတ်ကျသေသွားသော မြန်မာမလေး၏ အလောင်းကို တွေ့ရသောနေရာမှ ဖြတ်ပြန်သည်။ ပြုတ်ကျတာမဟုတ်ပဲ ခုန်ချလိုက်တာလည်း ဖြစ်နိုင်သည်။ စိတ်မကောင်းဖြစ်သလိုလို ခံစားမိ၏။

    လောလောဆယ် ပုလင်းကို ပိုပြီးဂရုစိုက်ရပါမည် ကျကွဲသွားလျင် ဆိုင်သို့ လမ်းပြန်လျောက်ပြီး ဝယ်ရမှာ စိုးသောကြောင့်ဖြစ်သည်။

အိမ်တွင် သူငယ်ချင်းက လက်ဖက်သုတ် လုပ်လေ၏။ ဒီကနေ့ထူးထူးခြားခြား အိမ်တွင် ဝက်သားဟင်းလည်း ချက်၏။ ဝက်သားမစားသော သူငယ်ချင်း ညဂျူတီသွားရသောကြောင့် ဖြစ်သည်။

ဘီယာတစ်ပုလင်းခန့် သောက်သောကြောင့် မူးမည်ဟု မျော်လင့်လို့မရနိုင်ပါ။ မနက်ဖန် လွတ်လွတ်လပ်လပ် မဟုတ်ပဲ အလုပ်သွားရမည် ဖြစ်သောကြောင့် စိတ်က မပါလှပေ။ ဘီယာကသာ အေးနေပြီး ရင်ထဲမှာ အေးမနေပါ။

ရေထက် ၁ဝ ဆခန့်ဈေးများပြီး မူးလည်းမမူးပေ။ သို့သော် တစ်ခါတစ်ရံ လုပ်ချင်တာ လုပ်ရသောကြောင့် ကျေနပ်ခြင်းဖြစ်ရ၏။

အစောကြီးထဖို့ ဖုန်းမှာ အလန်းမ်း ပေးရပါဦးမည်။