ဂျိမ်းစ်ဘွန်း ဇတ်ကားသစ် Skyfall ဖြစ်၏။ စင်္ကာပူတွင် နိုဝင်ဘာ ၁ရက်နေ့မှစပြီး ရုံတင်နေလေပြီ။ ကလေးဘဝကတည်းက ဒင်း၏ပရိသတ် ဖြစ်လေသောကြောင့် လက်မှတ်ဝယ်ပြီး ရုပ်ရှင်ရုံသို့ ရောက်ခဲ့ရခြင်း ဖြစ်လေသည်။
ထုံးစံအတိုင်း ဂျိမ်းစ်ဘွန်းက လူစွမ်းကောင်းဖြစ်သည်။ ထို့ကြောင့် လူဆိုးများလည်း ပါပါသည်။ လူဆိုးများရှိသောကြောင့် ဂျိမ်းစ်ဘွန်းလည်း လူစွမ်းကောင်း ဖြစ်ရခြင်းသာဖြစ်၏။ လောကကြီးတွင် လူဆိုးမရှိပါက လူကောင်းလည်း မရှိနိုင်ပေ။
ဒင်နီယယ်ခရိုက်ဒ် သည် ပေစုတ်စုတ် ဂျိမ်းစ်ဘွန်းမင်းသား ဖြစ်သည်။ ယခင်မင်းသားကြီးများကဲ့သို့ သန့်ပြန့်ကော့ကြော့မနေပေ။ ပေစုတ်သော်လည်း ဂျိမ်းစ်ဘွန်း ဖြစ်သောကြောင့် အမျိုးသမီးများ သဘောကျကြပါသည်။ ယခုဇတ်ကားတွင် မင်းသမီးလည်း သိပ်မလှပေ။ ပြင်သစ်မင်းသမီး Berenice Marlohe ဖြစ်၏။ မင်းသမီး ဆိုသော်လည်း ဇတ်ကားထဲတွင် ခဏလေးသာ တွေ့လိုက်ရသည်။ သူသည် ထိုဇတ်ကားတွင် ရေချိုးတာတောင် အကြာကြီး မချိုးလိုက်ရပေ။ ရေချိုးခန်းထဲသို့ ဂျိမ်းစ်ဘွန်း ဝင်လာသောကြောင့် ဖြစ်သည်။
နောက်ပိုင်း ဂျိမ်းစဘွန်းများသည် ဦးနှောက်ကိုမသုံးပဲ ကိုယ်ကာယအားကိုးကာ လူဆိုးများကို အနို်င်ယူကြသည်။ ဤဇတ်ကားတွင် အမ်(M) ဟုခေါ်သော အမျိုးသမီးကြီး သေသွားပြီ ဖြစ်သည်။ ဂျိမ်းစ်ဘွန်းကို ထူးထူးဆန်းဆန်း ပစ္စည်းတွေပေးသော ခေါင်းဖြူကြီးနှင့် အဖိုးကြီးလည်း မပါတော့ပေ။ ထိုအစား မျက်မှန်နှင့် ချာတိတ်လေး တစ်ယောက် ပါလာသည်။ ထိုအတိုင်းသာဆို နောက်ပိုင်းဇတ်ကားများတွင် ဂျိမ်းစ်ဘွန်းသည် လေးဂွသာ ပစ်ရမည်ထင်သည်။
ဂျိမ်းစ်ဘွန်းသည် သေနတ်မှန်ကာ ရထားပေါ်မှ ပြုတ်ကျသွားသည်။ အားလုံးက သေပြီဟု ထင်ကြသည်။ ဂျိမ်းစ်ဘွန်းကို အမိန့်တွေပေးသော မိန်းမကြီးလည်း ဂျိမ်းစ်ဘွန်း သေပြီဟုပင်ထင်ကြသည်။ မည်သို့ဖြစ်နိုင်မည်နည်း ..
ထုံးစံအတိုင်း လူစွမ်းကောင်းဖြစ်သော ဂျိမ်းစ်ဘွန်းက နောက်ဆုံးတွင် လူဆိုးများကို အနိုင်ရသွားပါသည်။ ဂျိမ်းစ်ဘွန်းက ဂျိမ်းစ်ဘွန်းသာဖြစ်၍ လူဆိုးများကလည်း လူဆိုးများသာ ဖြစ်ပေသည်။