“ပိစိကွေးခုနှစ်ကောင်” လို့နာမည်မပေးခင်က သူတို့တွေဟာ ဘန်ကောက်မြို့ရဲ့ လမ်းမတွေပေါ်မှာနေပါတယ်။ SCAD(Soi Cats And Dogs) ဆိုတဲ့အဖွဲ့အစည်းရဲ့ စေတနာ့ဝန်ထမ်းတွေကသာ သူတို့ကိုရွေးထုတ် ကယ်တင်ခြင်း မပြုခဲ့ရင် အခြားသော ရောဂါဖြစ်ပွားနေပြီး အစိုးရကရှင်းလင်းဖို့ စီစဉ်နေတဲ့ ခွေးလေခွေးလွင့် သုံးသိန်းဝန်းကျင်ရဲ့ စာရင်းထဲကို ပါသွားမှာပါ။
သူတို့အတွက် ပထမဦးဆုံး ကျေးဇူးတင်ရမှာက Sheridan Conisbee ဆိုတဲ့ပုဂ္ဂိုလ်ပါ။ ဗြိတိန်နိုင်ငံဖွား၊ SCAD ကိုစတင်ထူထောင်သူ အမျိုးသမီးဖြစ်ပါတယ်။ လုံးဝအကျိုးအမြတ်မရှိတဲ့ စေတနာ့ဝန်ထမ်းဘဝမှာ သူမရဲ့ဘဝကို မြှပ်နှံထားပါတယ်။ လမ်းမတွေပေါ်မှာရှိနေတဲ့ ညစ်ပတ်ပေရေသော၊ ထုံထိုင်းရန်လိုနေသော၊ အဟာရပြတ်ပြီး ရောဂါဖြစ်ပွားနေသော ဘယ်လိုတိရိစ္ဆာန်မျိုးကိုမဆို သူမရဲ့ဂေဟာက လက်ခံကြိုဆိုပါတယ်။
SCAD ရဲ့စေတနာ့ဝန်ထမ်း လူငယ်လေးတွေဟာ ပတ်ဝန်းကျင်က မသိကျိုးကျွန်ပြုထားတဲ့ ဘန်ကောက်မြို့ရဲ့ ခွေးလေခွေးလွင့်တွေကို တစ်လမ်းဝင်တစ်လမ်းထွက် နေ့စဉ်လိုက်လံရှာဖွေ ထိန်းသိမ်းကြပါတယ်။
သူမရဲ့ နက်နဲတဲ့အပြုံး၊ ဟာသဥာဏ်ရွှင်ပြီး ကျီစယ်တတ်တဲ့ အမူအရာတွေကို SCAD ရဲ့တိရိစ္ဆာန်ကစားကွင်းကလေးနဲ့၊ တိရိစ္ဆာန်ဆေးကုခန်းလေးတွေထဲမှာ အချိန်ပြည့်တွေ့နိုင်ပါတယ်။ သူမနဲ့ သူမရဲ့စေတနာ့ဝန်ထမ်း လူငယ်လေးတွေအတွက် ခင်တွယ်စရာကတော့ သနားစရာကောင်းတဲ့ ခိုကိုးရာမဲ့ သနားစရာ တိရိစ္ဆာန်လေးတွေဖြစ်ပါတယ်တဲ့။
“သူတို့ဟာ အသိဥာဏ်ရှိကြပါတယ်၊ လူတွေထင်နေကြသလို စုတ်ပြတ်သတ်နေတဲ့ လမ်းပေါ်က အလကားကောင်လေးတွေ မဟုတ်ကြပါဘူး” လို့လည်း သူမကပြောပါတယ်။
ဘန်ကောက်မြို့ရဲ့ ခွေးလေခွေးလွင့်တွေဟာ အရမ်းသနားဖို့ကောင်းပါတယ်။
တချို့ဆို ရောဂါတွေဖြစ်ပြီး ခန္ဓာကိုယ်မှာ အမွှေးအမင်
တစ်ပင်မှကိုမရှိကြတော့တာပါ။ တချို့ကလည်း အဟာရပြတ်ပြီး အချိန်တိုင်းမှာ
ရန်လိုဒေါသကြီးနေကြပါတယ်။
“အားလုံးက ဒီပြဿနာကို သိကြတယ် ဒါပေမယ့် ဘယ်သူကမှ ဘာမှလုပ်နိုင်ကြမယ်မထင်ဘူး” ဆိုပြီး ထိုင်းနိုင်ငံ တောရိုင်းတိရိစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ရဲ့ ဒါရိုက်တာ Edwin Wiek ကပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် SCAD ကကြိုးစားပြီးလုပ်ခဲ့တယ်။
ပတ်ဝန်းကျင်ကလူအများရဲ့ တလွဲဖြစ်နေတဲ့ အယူအဆတွေကို ပြေလည်ဖို့ စေတနာ့ဝန်ထမ်းတွေက ကြိုးစားကြတယ်။ ထိန်းသိမ်းထားပြီးတဲ့ တိရိစ္ဆာန်လေးတွေရဲ့ ကျန်းမာရေး၊ အထွေထွေသောကိစ္စတွေနဲ့၊ ၎င်းတို့ရဲ့ပုံမှန်ပတ်ဝန်းကျင်လေးကို ပြန်ရအောင် ကြိုးစားပေးတာပါ။ အခုဆိုရင် SCAD ရဲ့ကြိုးစားမှုနဲ့ မေတ္တာတရားကို နိုင်ငံတကာမှ အသိအမှတ်ပြု ထောက်ပံ့ကူညီနေပါတယ်။
“ဟိုးလွန်ခဲ့တဲ့နှစ်တွေက ကျမ ဒီခွေးလေးတွေရှိတဲ့ လမ်းမတွေပေါ် လမ်းလျှောက်ရင်း အရမ်းစိတ်မကောင်းဖြစ်ရတယ်၊ ဒါဟာ ကျမ လုပ်ရမယ့်အလုပ်ပါလားလို့လည်း ခံစားရတယ်“လို့ သူမကပြောပါတယ်။
ဒါက သူမစင်္ကာပူမှာ အခြေချနေထိုင်စဉ် 2002 ခုနှစ်ကပါ။
သူတို့တွေအားလုံးဟာ ဒေါသထွက်ရန်လိုနေကြတယ်။ အဟာရပြတ်ပြီး ခြေလှမ်းတွေတောင်မမှန်တော့ပဲ ထော့နဲ့ထော့နဲ့ လမ်းလျှောက်နေရပါတယ်။ သူမက သူတို့ကို “ချာတိတ်လေးတွေ” လို့ခေါ်တယ်။ ပြီးတော့ အဲဒီချာတိတ်လေးတွေနဲ့ မိတ်ဖွဲ့ဖို့ ကြိုးစားတော့တာပေါ့။
“သူတို့က ကျမကို ကိုက်တယ်” လို့ ရယ်မောပြီးပြောပါတယ်။
သူမတို့ရဲ့ လုပ်ဆောင်ချက်တွေမှာ ဘယ်သူကမှထင်မထားလောက်တဲ့ ရလဒ်တွေလည်း တော်တော်များများ ရခဲ့ပါတယ်။ အဲဒီထဲကတစ်ခုက Yo Yo ပါ။ သူဂေဟာကိုစပြီးရောက်လာတုန်းက ဖျားနာနေတယ်၊ တကိုယ်လုံးလည်း ဝဲတွေစွဲပြီး အမွေးတွေမရှိပါဘူး။ ဂေဟာကိုရောက်ပြီးနောက်ပိုင်း သူ့ရဲ့သွင်ပြင်လက္ခဏာတွေက နဂိုအတိုင်း ပြန်ရခဲ့ပါတယ်။ ကြည့်ရတာ အလွန်ချစ်စရာကောင်းပြီး အထက်တန်းကျတဲ့ ကောင်ကလေးပါပဲ။
ဂေဟာကို Yo Yo ရောက်ပြီးတစ်လအတွင်းမှာပဲ အခြေအနေက တိုးတက်လာတာပါ။ ခုန်ပေါက်ပြေးဆော့နိုင်ပြီ၊ အမွေးအမင်တွေဆိုလည်း ရှည်လျားလာလိုက်တာ မသိရင် အာဖဂန်အမဲလိုက်ခွေးကြီးလို့တောင် ထင်ရတယ်။
သူမက သူအတွက် နောက်ထပ်လုံခြုံတဲ့နေရာတစ်ခု ထပ်ရှာပေးပါတယ်။ အဲဒါက မွေးစားပေးမယ့်သူကိုပါ။ မကြာခင်မှာပဲ အမေရိကားက လူတစ်ယောက်ဆက်သွယ်လာပါတယ်။ 2003 ခုနှစ် စက်တင်ဘာမှာ ဘော်စတွန်ကို Yo Yo ရောက်သွားခဲ့တယ်။ ပြီးခဲ့တဲ့ စက်တင်ဘာတုန်းကတော့ ဘော်စတွန်မှာပဲ ဖျားနာပြီး သေဆုံးသွားတယ်လို့ ဝမ်းနည်းစွာသိရပါတယ်။
SCAD ဟာ စာသင်ကျောင်းတွေအထိ ပညာပေးအစီအစဉ်တွေကို အားတက်သရော လိုက်လံပြုလုပ်ကြပါတယ်။ ကလေးတွေသဘောကျမယ့် ကာတွန်းဇတ်ကောင်လေးတွေ (“Teacher Tub” နဲ့သူ့ရဲ့လက်ထောက် “Miss Meow”) ကိုသုံးပြီးတော့ ပညာပေးဇတ်လမ်းလေးတွေ ပြပါတယ်။ ကလေးတွေကို မိမိတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေကို ချစ်တတ်ဖို့နဲ့ တန်ဖိုးထားတတ်ဖို့ အဓိကရည်ရွယ်တာဖြစ်တယ်။
အိန္ဒိယနိုင်ငံ တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ Blue Cross ရဲ့ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ ဒေါက်တာChinny Krishna က သူမနဲ့ပတ်သက်ပြီး ဒီလိုပြောပါတယ်…..
“လူ့အသိုင်းအဝိုင်းမှာ မေတ္တာတရားထားပြီး လုပ်နိုင်စွမ်းတဲ့ အရာတွေကို Sherry ကလုပ်ပြခဲ့တာပဲ။ ကျနော်သူမကို လေးစားဦးညွတ်ပါတယ်”
2009 ဒီဇင်ဘာထုတ် Reader’s Digest မဂ္ဂဇင်းမှ Tibor Krausz ရေးတဲ့ Save from the streets ဆိုတဲ့ဆောင်းပါးကို ဘာသာပြန်ထားတာပါ။ ဘာသာပြန်အတွေ့အကြုံက ရှည်ရှည်လျားလျားဆိုလို့ ဒါကပထမဦးဆုံးပါ။ အတတ်နိုင်ဆုံးတော့ ကြိုးစားထားတာပါပဲ။ ဖတ်ရတာအဆင်မပြေရင်လည်း ကျနော်ရဲ့ ညံ့ဖျင်းမှုတွေကြောင့်ဆိုတာကို နားလည်ပေးနိုင်မယ်လို့ မျော်လင့်ပါတယ်။ ဓါတ်ပုံတွေကိုတော့ Google ကနေ ရှာယူထားတာပါ။